International News

ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) က ထုတ်လုပ်မှုကွင်းဆက်အား ပြုပြင်မွမ်းမံရန် နှိုးဆော်ခဲ့

Last Updated:

ကိုရိုနာကပ်ရောဂါပြန့်ပွားမှုသည် ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ကို ကသောင်းသနင်းဖြစ်စေခဲ့သဖြင့် နိုင်ငံတကာအသိုက်အဝန်းအကြား အလားတူအဖြစ် မျိုးမှ တားဆီးကာကွယ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) က တိုက်တွန်းနှိုးဆော်လိုက်ကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သော ကုန်သွယ်ရေးဆိုင်ရာ Annual White Paper တွင် ဖော်ပြထားကြောင်း သိရပါ သည်။

အဆိုပါ Annual White Paper တွင် ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာကပ်ရောဂါပြန့်ပွားမှုကြောင့် နယ်စပ်ဒေသများ ယာယီပိတ်သိမ်းခဲ့ရမှု၊ နိုင်ငံတစ်ဝှမ်း အရေးပေါ် အခြေအနေကြေငြာခဲ့ရမှုတို့သည် ၁၉၃၀ ပြည့်နှစ်ကာလများက ကြုံတွေ့ခဲ့ရသည့် အဆိုးရွားဆုံးသော စီးပွားရေးပျက်ကပ်ထက်ပင် ထိခိုက်မှုသာလွန်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ ထုတ်လုပ်မှု/တင်ပို့မှုများ ရပ်ဆိုင်းသွားခြင်းသည် ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းအပေါ် များစွာ နစ်နာစေခဲ့ပါကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အလားတူအကျပ်အတည်းမျိုးမှ ကျော်လွှားနိုင်ရန် ထုတ်လုပ်မှုနှင့် ဝယ်ယူမှုဒေသအရင်းအမြစ်များကို ဖြန့်ကျက် ထားရန်လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကမ္ဘာ့စီးပွားရေး၏ ၂၀၂၀ ပြည့်နှစ် အခြေအနေသည် ယခင် ၂၀၁၉ ခုနှစ်ကထက် ၄.၉ % ခန့် ကျဆင်းသွားမည် ဖြစ်ပါကြောင်း၊ မူလခန့်မှန်းထားသည်ထက်ပင် ပြင်းထန်နိုင်မည်ဖြစ်ကြောင်း ဇွန်လအတွင်းက သုံးသပ်ပြောကြားခဲ့ပါသည်။

နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် အကျပ်အတည်းများကို ပြောင်းလွယ်ပြင်လွယ် ရင်ဆိုင်တုန့်ပြန်နိုင်ပြီး ရေရှည်ဖွွံ့ဖြိုးတိုးတက်မှုရှိမည့် ခိုင်မာအားကောင်းသော လူမှုစီးပွားစနစ် တစ်ခုကို ပူးပေါင်းအကောင်အထည်ဖော်ကြရန် အဆိုပါထုတ်ပြန်ချက်ဖြစ်သည့် Annual White Paper တွင် တိုက်တွန်းနှိုးဆော်ထားပါသည်။

တစ်ဆက်တည်းမှာပင် အချို့သော ကမ္ဘာ့နိုင်ငံများက ကိုရိုနာကပ်ရောဂါကို ရင်ဆိုင်နိုင်ရန် နှာခေါင်းစည်းများ၊ အသက်ရှူစက်များကဲသို့ ဆေးဝါးဆက်စပ်ပစ္စည်းများ တင်ပို့မှုတားမြစ်ခြင်း ကဲ့သို့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ချက်များသည် ထုတ်လုပ်မှုကွင်းဆက်ကို ပြတ်တောက်စေနိုင်ကြောင်း  ဝေဖန်ထောက်ပြထား ကြောင်းသိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဆိုအရ ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းမှအစပြုကာ ကမ္ဘာ့နိုင်ငံ ၈၀ ခန့်သည် အချို့သော ကုန်ပစ္စည်းများအပေါ် ပို့ကုန်ပိုင်း ကန့်သတ်ပိတ်ပင်ခြင်းများ ကျင့်သုံးဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။ နိုင်ငံစုံကုန်သွယ်ရေးစနစ်သည် အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး အငြင်းပွား မှုများ၊ အမေရိကန်သမ္မတ၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ နှုတ်ထွက်ခြင်းများအပါအဝင် မကြုံစဖူးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

သို့သော်လည်း လက်ရှိအရှိန်အဟုန်ဖြင့် ပြန့်ပွားနေသည့် ကိုရိုနာကပ်ရောဂါသည် ကမ္ဘာ့လူဦးရေ ၁၁ သန်းကျော်ကူးစက်နေပြီး ၅ သိန်းကျော်သေဆုံးခဲ့ရသည့်အတွက် နိုင်ငံတကာ အသိုက်အဝန်းများအကြား ကပ်ရောဂါတိုက်ဖျက်ရေး ပိုမို ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီး လှပါကြောင်း အဆိုပါ Annual White Paper က ထောက်ပြတိုက်တွန်းထားပါသည်။

ကပ်ရောဂါဂယက်ကြောင့် ကမ္ဘာ့စီးပွားရေးသည် ဒစ်ဂျစ်တယ်စီးပွားရေးအသွင် အလျင်အမြန်ပြောင်းလဲလာပြီး e-commerce နှင့် remote working စနစ်ပုံစံများ တွင်ကျယ်လာပါသည်။ နည်းပညာ၏ အကျိုးကျေးဇူးကို အသုံးချ၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် အရေးပါသည့် လူပုဂ္ဂိုလ်များ၏ ခရီးသွားလာမှုကန့်သတ်ချက်များကို ဘေးကင်းစေသည့် နည်းလမ်းများရှာဖွေကာ စတင် ဖြေလျော့ဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။

ဂျပန်နိုင်ငံသည် လက်ရှိ၌ ကမ္ဘာ့နိုင်ငံ ၁၂၉ နိုင်ငံမှ ခရီးသွားများ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားသော်လည်း သြစတြေးလျနှင့် ထိုင်းနိုင်ငံတို့မှ စီးပွားရေး အသိုက် အဝန်းများနှင့် ပြန်လည်လမ်းဖွင့်ဆက်သွယ်ဆောင်ရွက်ရန် ဆွေးနွေးလျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: International News